Sunday, November 10, 2013

+ တပြည်လုံး အပစ်ရပ် လက်မှတ် ရေးထိုးပွဲအပေါ် UWSP အဖွဲ့ မေးခွန်းထုတ်


 

တပြည်လုံး အပစ်ရပ် လက်မှတ် ရေးထိုးပွဲအပေါ် UWSP အဖွဲ့ မေးခွန်းထုတ်


 

အစိုးရမှ ပြုလုပ်ရန် ရှိသည့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲ ရေးတွင် အဘယ့်ကြောင့် လက်မှတ် ထိုးရမည် 

ဆိုသည်ကို ရှင်းရှင်း လင်းလင်း သိစေ ချင်ကြောင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ UWSP ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးအောင်မြင့်က ယနေ့၌ ထုတ်ဖော် ပြောကြား ခဲ့သည်။
“လက်မှတ် ထိုးမယ့် စာချုပ်မှာ ၁၊ ၂၊ ၃၊ ၄ ဘာတွေ ပါမှာလဲ၊ ဒီကိစ္စ ကျွှန်တော်တို့ အဖွဲ့ အစည်းတင် မကဘူး၊ ရှိသမျှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး သိချင် နေကြတယ်၊ အဲဒီ တော့မှ ဒီအပေါ်မှာ လက်မှတ် ထိုးနိုင်မယ် မနိုင်ဘူး ဆိုတာ သုံးသပ်လို့ ရတာပေါ့” ဟု ဦးအောင်မြင့်က ပြောသည်။
“ဝ” အဖွဲ့ မှ လိုချင်သော တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး အခင်း အကျင်းမှာမူ အဆိုပါ လက်မှတ် ရေးထိုး ရမည်တွင် ပါဝင်သည့် အချက် များအား အစိုးရမှ ထုတ်ဝေ ပေးရမည်။ ၄င်းနောက် လက်မှတ် ရေးထိုး ရမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး ထံသို့ ပေးပို့ သွားပြီး ၄င်းအား တစ်ဖွဲ့ချင်းစီ အလိုက် အစိုးရမှ အခြေအတင် လိုက်လံ ဆွေးနွေးကာ သဘော တူညီမှု အရင် ရယူ သွားရမည်။

ထို့နောက် တွင်မှ တပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲအား အကောင်အထည် ဖော်သွားလျှင် ပို၍ သင့်မြတ်မည် ဖြစ်ကြောင်း ဆိုပါသည်။
UWSP အဖွဲ့သည် နိုဝင်ဘာလ (၄) ရက်နေ့ ပန်ဆန်းမြို့ ပြည်သူ့ ခန်းမ၌ နံနက် (၁၀) နာရီတွင် ပြုလုပ် ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် တွေ့ဆုံ ခဲ့စဉ် အထက်ပါ ကိစ္စအား တင်ပြ ခဲ့ပါသည်။
ထို့ပြင် “ဝ” အဖွဲ့မှ အစဉ် တစိုက် တောင်းဆို နေသည့် “ဝ” ပြည်နယ် သတ်မှတ် ပေးရေး တို့အပြင် သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စ၊ လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး၊ အခြား စီးပွားရေး လုပ်ငန်းပိုင်း ဆိုင်ရာ အချို့အားလည်း တင်ပြ ခဲ့ကြောင်း ဦးအောင်မြင့်က ဆက်ပြောသည်။
အဆိုပါ တွေ့ဆုံ ပွဲအား “ဝ” အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ရှောက်မီလျံ ဦးဆောင်၍ ကိုယ်စားလှယ် (၃၀) ဦး တက်ရောက် ခဲ့ကြသည်။ အစိုးရ ကိုယ်စားလှယ် များအဖြစ် ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်၍ ကိုယ်စားလှယ်(၁၇) ဦးတို့ တက်ရောက် ခဲ့ကြပါသည်။
အလားတူ ကာကွယ်ရေး ဝန်ကြီး ဌာနမှ တာဝန် ရှိသူ များနှင့် အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ နယ်စပ် ဒေသ ကာကွယ်ရေးနှင့် လုံခြုံရေး၊ သစ်တော၊ ရေအား လျှပ်စစ် စသည့် ဝန်ကြီးဌာန များမှ တာဝန် ရှိသူများ (၃၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ ဦးသိန်းဇော် ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့များသည် “ဝ” နှင့် တွေ့ဆုံ ပြီးနောက် တစ်ညအိပ် ရပ်နားကာ နောက်နေ့၌ မိုင်းလား ဒေသသို့ ဆက်လက် ထွက်ခွာ သွားခဲ့ပါသည်။
UWSP အဖွဲ့ အနေဖြင့်မူ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ရခြင်း အပေါ် ရှင်းရှင်းလင်းလင်း သိရှိ လာပါက ဗဟို ကော်မီတီ များ၏ သဘောတူညီမှု အဆုံး အဖြတ်ကို ရယူ ရမည်။ သို့မှသာ UWSP အနေနှင့် လက်မှတ် ထိုးခြင်း မထိုးခြင်း ဖြစ်ပေါ် လာပါ လိမ့်မည်။
သို့သော်လည်း ၄င်းတို့ “ဝ” အဖွဲ့အား အစိုးရမှ အဆိုပါ လက်မှတ် ရေးထိုးပွဲအား တက်ရောက်ရန် တရားဝင် ဖိတ်ကြားမည် ဆိုပါက တက်ရောက်ရန် ရှိနေ ပါသည်။ လတ်လော၌မူ အစိုးရမှ “ဝ” အဖွဲ့အား အဆိုပါ လက်မှတ် ရေးထိုးပွဲအား တက်ရောက်ရန် တရားဝင် ဖိတ်ကြား လာသေးခြင်း မရှိ သေးကြောင်း ဆိုပါသည်။
တပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ UNFC အဖွဲ့ဝင် အဖွဲ့အစည်း၊ WGEC အဖွဲ့ဝင် အဖွဲ့အစည်း စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ဖွဲ့ကမျှ သဘောတူ တက်ရောက်၍ လက်မှတ် ရေးထိုးမည်ဟု ထုတ်ဖော် ပြောကြား သေးခြင်း မရှိပေ။
“ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ UWSP သည် ၁၉၈၉ ခုနှစ် ကတည်း ကပင် အပစ်အခတ် ရပ်စဲ လာခဲ့သော အဖွဲ့ ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲမှ တက်လာသော အစိုးရ သစ်၏ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ကိစ္စတွင် ၄င်းတို့နှင့် မဆက် ဆိုင်ဟု သဘောထား ရှိပါသည်။ ဤသို့ကြောင့် လက်ရှိ အစိုးရမှ ပြုလုပ်ရန် ရှိသည့် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲအတွက် စဉ်းစား ဆုံးဖြတ် ထားခြင်း မရှိသေးပေ။
 “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထဲတွင် အင်အား အကြီးမားဆုံး အဖွဲ့ဖြစ်ကာ အမြဲတမ်း တိုက်ခိုက်ရေးတပ် အင်အား ၃ သောင်းမှ ၅ သောင်းကြား ရှိသည်ဟု ခန့်မှန်း နေကြပါသည်။

No comments: