Brief history of Wa ethnic ( " o " လူမျိုးများ၏ သမိုင်းအကျဉ်း)
May 19, 2013 at 4:57am
“၀” လူမျိုးများသည်သမိုင်းအစဉ်အလာရှိသောတိုင်းရင်းသားလူမျိုးစစ်စစ်ဖြစ်ကြောင်း နှင့်
“၀”ဒေသ ငြိမ်းချမ်းရေး ၊ နိုင်ငံတော်၏ အင်အား ၊ အနာဂတ်မျှော်လင့်ချက်များ
တင်ပြခြင်း စာတမ်း
ရက်စွဲ - - - - - -
မာတိကာ
နိဒါန်း -
ရေးသားရခြင်းရည်ရွယ်ချက် -
“၀” လူမျိုးတို့ ဘယ်လိုဆင်းသက်လာသလဲ -
ကိုးကွယ်ယုံကြည်မှု -
ဓလေ့ထုံးစံများ -
လုပ်ကိုင်စားသောက်မှုပုံစံများ -
ကျင်လည်ကျက်စားရာဒေသများ -
အတိတ်က အငြင်းပွါးခဲ့ရမှု -
ယနေ့ကာလ အခြေအနေ -
အနာဂတ်မျှော်လင့်ချက် -
ပူးပေါင်းဆောင်ရွက်လိုသော ကိစ္စများ -
လူမျိုးစု ခေါင်းဆောင်များ နှင့် ပြည်သူ တို့၏ အခြေအနေ -
နိဒါန်း - မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး နဲ့ တည်ဆောက်ဖွဲ့စည်းထားတယ်လို့ အတိအလင်းသိရှိကြပါ တယ် ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေအကြောင်းကို အသေးစိတ်သိရှိတဲ့သူမရှိသလောက်ပါဘဲလို့ ပြောရမယ်ဆိုရင် လွန်မယ်မထင်ပါဘူး ။ ဒီလိုဖြစ်ပေါ်ခဲ့တဲ့အခြေအနေဟာ ဘယ်လို လူပုဂ္ဂိုလ်တစ်စုံ တစ်ယောက် ပေါ်မှာမှ အပြစ်တင်လို့လည်းမရပြန်ပါဘူး ။
ကျွန်တော်တို့နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ဧရိယာ ၊ လူနေကျဲပါးမှု ၊ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု ဆိုတဲ့အခြေအနေတွေ ကြောင့် ကူးလူးဆက်ဆံမှုအားနည်းတာကနေဖြစ်ပေါ်လာတဲ့ ညီအကိုရင်းတွေဝေးကွာစိမ်းကားမှုဖြစ်လာပါတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါရစေ ။
နယ်ချဲ့တိုင်းတစ်ပါးအောက်ကနေ တိုင်းရင်းသားညီအကိုတစ်တွေ လွတ်လပ်ရေးရယူလာခဲ့တာဟာ ဆယ်စုနှစ် (၇) ကြိမ်ပြည့်လာပါတော့မယ် ။ နှစ်ပေါင်း ၇၀ လောက် အကြာမှာတော့ ကျွန်တော်တို့ရဲ့ညီရင်းအကိုတွေ အနေဝေးလို့ သွေးစိမ်းကြတဲ့အဖြစ်မျိုးတွေကိုရပ်ဆိုင်းလိုက်ကြပါစို့လို့ ဆန္ဒပြုရေးသားလိုက်တာဖြစ်ပါတယ် ။
ရေးသားရခြင်းရည်ရွယ်ချက် - နိဒါန်းမှာဖော်ပြခဲ့သလိုပါဘဲ ကျွန်တော်အပါအ၀င် ပြည်မမှာ နေထိုင်ကြတဲ့ ညီအကို တွေဟာ “၀” လူမျိုးဆိုတာကို သေသေချာချာကျကျနန မသိရှိဘဲ တရုပ်လူမျိုးတွေလို့သာ အမှတ်မှား ခဲ့ကြပါတယ် ။ အခြေအနေမှန်တွေကို မသိတဲ့အခါမှာ - သွင်းအားစုတွေမမှန်တဲ့အခါမှာ - လွဲချော်တဲ့ စီမံခန့်ခွဲမှုတွေကို ဖြစ်ပေါ်လာ စေပါတယ် ။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ညီအကိုတွေအကြောင်းကို တတ်နိုင်သလောက် အားစိုက်ရေး သား ဖော်ပြ ပြီး အခြားသော ညီအကိုတွေလက်ထဲအရာက်ပိုလို့ ချစ်ကြည်ရင်းနှီးမှုတွေတိုးပွါးစေလိုတဲ့ ရည်ရွယ်ချက် နဲ့ ရေးသား ဖော်ပြရခြင်းဖြစ်ပါတယ် ။
ဒေသတစ်ခုမှာ အခြေစိုက်နေတဲ့ လူမျိုးစု တစ်စု ဟာ ဘယ်လို ၀တ်စားဆင်ယင်မှုတွေ ဓလေ့စရိုက်တွေ ပွဲတော်တွေ စာပေ နဲ့ ဂီတ တွေ ရှိသလည်းဆိုတာကို လေ့လာကြည့်မယ်ဆိုရင် သူတို့ဟာ ဘာတွေ ဖြစ်ပါတယ် ။ ဘယ်လို လူမျိုးတွေ ဖြစ်တယ်ဆိုတာကို စာဖတ်သူတွေကိုယ်တိုင်ကဘဲ လေ့လာဆုံးဖြတ်နိုင်မှာဖြစ်ပါတယ် ။ ဘယ်လို ကင်းကွာ ခဲ့တယ် ဘယ်လို သဘောထားသင့်တယ်လို့ ခံစားနိုင်မှာဖြစ်ပါတယ် ။
ဒီစာအုပ်မှာရေးသားတင်ပြမဲ့ပုံစံကတော့ - သမိုင်းအထောက်အထားဆိုတဲ့ ပျင်းစရာကောင်းတဲ့ကိန်းဂဏန်းအချက်
အလက် နဲ့ အငြင်းပွါးစရာ မြေပုံတွေကို တင်ပြ မှီငြမ်းမှာမဟုတ်ပါဘူး ။ “၀”လူမျိုးတွေရဲ့ လက်ရှိအခြေအနေ - ၀တ်စားဆင်ယင်မှု - ရိုးရာပွဲတော် - သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှု - သူတို့ရဲ့ လုပ်ရပ်တွေကိုသာဖော်ပြပြီး - သူတို့ဟာ ဘာဖြစ်နိုင်တယ် - ဘာတွေဖြစ်ခဲ့တယ်လို့ - စာဖတ်သူက ခံစားပြီး နားလည်စေချင်တာဘဲဖြစ်ပါတယ် ။
“၀” လူမျိုးတို့ ဘယ်လိုဆင်းသက်လာသလဲ - ဒေါက်တာသန်းထွန်း ၊ ပါမောက္ခဒေါ်တင်ရီ ၊ ဗိုလ်မှူးဘရှင်၊ ဦးတင်မောင်ရင် ဦးငြိမ်းမောင်၊ ဦးဆွဲ ၊ ဒေါက်တာနိုင်ပန်းလှတို့ရဲ့ စာတွေထဲက ကောက်နှုတ်ထားတဲ့ “၀” သမိုင်းတွေလည်း ပူးတွဲပါဝင်လာမှာဖြစ်ပြီး - သမိုင်းစာတစ်ပုဒ်လို့တော့ ဒီနေရာမှာ ရေးသားမှာမဟုတ်ပါဘူး -
“၀” လူမျိုးတွေကတော့ သို့တို့ဟာ မွန် - ခမာ မျိုးနွယ်စုကနေ ဆင်းသက် လာတယ်လို့ ယုံကြည်ကြပါတယ် ။ ပြောဆိုတဲ့ ဘာသာစကားကတော့ ( မွန် - ပလောင် - ၀ ) မွန်ဘာသာနဲ့ ငါးကို “က” လို့ ခေါ်သလို “၀” ကလည်း “က” လို့ခေါ်ပါတယ် - လူ့ခန္ဒာကိုယ် အစိတ်အပိုင်း တစ်ခုလုံးကို ခေါ်ဝေါ်တဲ့အခေါ်အဝေါ်တွေကတော့ - (( “ မြန်မာ” = “ပလောင်” = “ ၀” = “မွန်” )) အခေါ်အဝေါ်ကို အစဉ်လိုက်ရေးသားဖော်ပြပါ့မယ် - ((အသံထွက်ကို အနီးကပ်ဆုံးဖော်ပြမှာဖြစ်ပါတယ်)) ဥပမာ (( ခေါင်း = ကိန် = ကိန် = )) (( မျက်လုံး = ငှိန်း = ငှိန်း )) ((နှာခေါင်း = မှိန်း = ကော့မှိန်း )) ((နားရွက် = ယုတ် = လယုတ်)) (( လက် = တိုက် = တိုက် = တွဲ )) (( ခြေထောက် = ကျုံး = ကျုံး = ကျန်း )) - တရိစ္ဆာန် တွေကိုခေါ်တဲ့အခ်ါအဝေါ်တွေမှာလည်း တူညီကြပါတယ် ((( ဆင် = ဆန်း = ဆန်း = စိန်း ))) ((ကျား = ဗိုမ်း = ဆီဗိုမ်း)) ((ခွေး = ဆုပ် = ဆုပ်)) ((ကြက် = ယာ = ယာ)) ((ကျွဲ = ကရပ် = ကရပ် = ပြောင်)) (( ၀က် = လိစ် = လိစ် =ကလွိက်)) အခုဖော်ပြတဲ့ စကားလုံးအသုံးအနှုန်းတွေဟာ မြန်မာ - ပလောင် - “၀” - မွန် တွေရဲ့ အသံထွက် နီးစပ်ပတ်သက်မှုကိုပြဆိုချင်တာဘဲဖြစ်ပါတယ် ။
ကိုးကွယ်ယုံကြည်မှု - ကိုးကွယ်ယုံကြည်မှု ကိုလေ့လာကြည့်ရင် ခရိယာန် ၂၀ % ၊ ဗုဒ္ဒဘာသာ ၃၀ % ကျန် ၅၀ % က ရိုးရာနတ်ကိုးကွယ်မှုကိုယနေ့တိုင်ပြုလုပ်ကြဆဲပါ ။ ရိုးရာ တောစောင့်နတ် ၊ တောင်စောင့်နတ် ၊ ကိုယ်စောင့်နတ် တွေကို ကိုးကွယ်ကြတာဖြစ်ပါတယ် ။ နတ်တင်တဲ့အခါ - ကြက်အကောင်မပျက် ပြုပ်လို့ တင်မြှောက်ပသတာ - ဗမာခေါစာပြစ်သလို အမှားအယွင်းကြောင့် ဖျားနာတယ်လို့ ယူဆပြီး သစ်ပင် တောတောင်တွေမှာ ထမင်းပွဲဟင်းပွဲနဲ့ ပူဇော်ပသတင်မြှောက်တာတွေရှိနေဆဲပါ ။
ကြက်ရိုးဗေဒင် ကြက်ခေါင်းဗေဒင်တွေကြည့်ပြီး အမဲလိုက်တာ ၊ စစ်ထွက် တာ ၊ စီးပွါးကူးသန်းတာတွေမှာ နိမိတ်ဖတ်ပြီး ယုံကြည်ကြပါတယ် ။ ကြက်ရိုးဗေဒင်ကြည့်တဲ့အခါ တစ်ဦးကောင်း တစ်ယောက်ကောင်းကြည့်တာမျိုး မဟုတ်ဘဲ ( ခေတ်စကားနဲ့ပြောရရင် ဂျူရီစနစ်လို ) အဖွဲ့လိုက်နားလည်တတ်ကျွမ်း သူတွေက စုဖွဲ့ဆုံးဖြတ်တာ ဖြစ်ပါတယ် ။
ခရိယာန်ဘာသာကတော့ ၁၉၀၈ ဧပြီလ ၁၇ ရက်နေ့မှ စတင်ရောက်လာတယ်လို့ အသိအမှတ်ပြုထားပြီး - ဗုဒ္ဒဘာသာကတော့ - ပန်ဟောင်ဒေသ “၀”လူမျိုး စောကွတ်ဖစော ဆိုသည့် သာသနာပြုမှ ဗုဒ္ဒတရားတော်များ ဟောပြောခြင်း တိရိစ္ဆာန်များသတ်ဖြတ်ယစ်ပူဇော်မှုမပြုရန်ဟောပြောခြင်းတွေရှိခဲ့တယ် ဆိုတဲ့ ၁၉၀၃ ခု နှစ်နောက်ပိုင်း ကိုဘဲ သတ်မှတ်ရမလိုအခြေအနေဖြစ်ပါတယ် ။
ဓလေ့ထုံးစံများ - ပွဲတော် တွေထဲမှာတော့ အထင်ကရအားဖြင့် ကောက်သစ်စားပွဲ ၊ ခရစ်စမတ်ပွဲတော် ၊ ရိုးရာနတ် ပူဇော်ပသပွဲတွေရှိကြပါတယ် ။ ကောက်သစ်စားပွဲတော်ကတော့ သတ်မှတ်ကာလတစ်ခုတည်းနဲ့ ကျင်းပဖို့အထိ သတ်မှတ်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံး တစ်ပြိုင်နက် ကျင်းပတဲ့အထိ တိုးတက်ထွန်းကားလာပါတယ် ။
ပွဲတော်တွေ နတ်ပူဇော်မှုတွေပြုလုပ်တဲ့အခါ တိရိစ္ဆာန်တွေကို သတ်လို့ အသားကိုဟင်းချက်စားတာမျိုးရှိသလို အချို့ ရှေးဟောင်း လူမျိုးစုတွေကတော့ ယစ်ပူဇော်သလို ပြုလုပ်တာလည်း အနည်းအပါးရှိနေဆဲဖြစ်ပါတယ် ။
လုပ်ကိုင်စားသောက်မှုပုံစံများ - “၀”နယ်သားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ခန့်လောက်ကတော့ တရုပ်နဲ့ကော မြန်မာနဲ့ပါ အဆက်အဆံကင်းကွာခဲ့ပြီး ရှာဖွေစားသောက်တဲ့ အဆင့်ကတည်းက လူမျိုးတစ်မျိုး အဖြစ် သမိုင်းတင်ခဲ့ ပါတယ် ။ လူး၊ဆပ်၊ပြောင်း တွေကို စိုက်ပျိုးစားသောက်ပြီး အခုအခါမှာ “၀”ခေါင်းဆောင်တွေ ကပြောဆိုဖို့ ပိတ်ပင် ထားတဲ့ ပါးစပ်ရာဇ၀င်ပုံပြင်လေးတစ်ခုကို ခံစားနားထောင်ကြည့်စေချင်ပါတယ် ။ ဒီပုံပြင်လေးကို နားထောင်ဖို့ တကယ်လိုအပ်သလို - မခိုင်လုံတဲ့ ပုံပြင်ကို အခြေပြုလို့ နောက်ဆက်တွဲ အမုန်းတရားကိုတော့ မဖြစ်ပေါ် သင့်ပါ ဘူး ။ မဖြစ်ပေါ်တော့ပါဘူးလို့ ယုံကြည်လို့လည်းတင်ပြရတာပါ ။
“၀”နယ်က လူကို ခေါင်းဖြတ်ယစ်ပူဇော်မှုဓလေ့ နှင့် ဆန်စပါးစိုက်ပျိုးရေး ဆက်စပ်မှု - ၁၉၇၀ ပြည့်လွန် ဗကပ ရဲဘော် ဘသိန်းတင် ရဲ့ထိန်းချုပ်မှုအောက်ကို မရောက်ခင်အထိမှာတော့ လူကို ခေါင်းဖြတ်ယစ်ပူဇော် ပြီး ဆန်စပါးဖြစ်ထွန်းဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်မှု ဓလေ့ရှိခဲ့ပါတယ် ။ ဒါပေမဲ့ ယခုအခါမှာ - ပြည်မက၀န်ထမ်းတွေ ဆရာဝန် နဲ့ ကျောင်းဆရာ/ဆရာမတွေ ဟာ”၀”နယ်က ပြန်ရတော့မယ်ဆိုရင် ငိုယိုကြတဲ့အထိ “၀” ဒေသနဲ့ တိုင်းရင်းသား ဒေသခံတွေရဲ့ သံယောဇဉ်ကို အသိအမှတ်ပြုခဲ့ကြရပြီး သတ်ဖြတ်ခံရတာ တစ်ကြိမ်တစ်ခါမှမရှိခဲ့ဘူးလို့ ပြောဆိုကြ ပါတယ် ။
ပုံပြင်လေးကတော့ - ဟိုးရှေးရှေးတုံးက “၀”လူမျိုးတွေမှာဆန်စပါးစိုက်ပျိုးမှုမရှိခဲ့ပါဘူး ။ တရုပ်ပြည်ကို အလည်အပတ် ကုန်စည် ကူးသန်းလဲလှယ်ဖို့သွားကြတဲ့အခါ တရုပ်တွေကျွေးတဲ့ ထမင်း ကို စားခဲ့ရပါတယ် ။ စားကောင်းတဲ့အတွက် မေးမြန်းစုံစမ်းတဲ့အခါ တရုပ်တွေက စပါး ( “၀”လို - ငို့ )လို့ခေါ်တဲ့ စပါးမျိုးစေ့တွေကို ပေးလိုက်ပါတယ် ။ ပေးတဲ့အခါ ဒီအတိုင်းရိုးရိုးမပေးပဲပြုပ်ပြီးပေးလိုက်ပါတယ် ။ “၀”နယ်ကိုရောက်လို့ စိုက်ပျိုးကြတဲ့အခါ အပင်မပေါက်ပါဘူး ။ ဒါနဲ့ ဘဲ နောက်တစ်ခေါက် ထပ်သွားတောင်းတဲ့အခါ တရုပ်တွေက ဒီလိုပြောပါတယ်တဲ့ - “ တောပိုင် တောင်ပိုင် တွေက မကြိုက်လို့အပင်မပေါက်တာဖြစ်တယ် ဒါ့ကြောင့် ယစ်ပူဇော်ရမယ် လူကိုခေါင်းဖြတ်ပြီး စိုက်ပျိုးမြေအကျယ်အ၀န်း အလိုက် လူခေါင်းအရေအတွက်ထဲ့လို့ ယစ်ပူဇော်ရမယ်လို့ ပြောတယ်တဲ့ - ခေါင်းဖြတ်ယစ်ပူဇော်ပြီးတဲ့အခါ မျိုးစေ့ကို စိုက်ပျိုးပြီး ၃ ရက်အကြာမှာ စည်တီးရမယ် စည်တီးပြီးတဲ့အခါ အပင်တွေပေါက်လာမယ်လို့ လမ်းညွှန်တဲ့အတွက် အဲသလိုလုပ်ခဲ့ကြပါတယ် အမှန်တကယ် အောင်မြင်တဲ့ မျိုးစပါးတွေဖြစ်လေတော့ အပင်ကလည်းပေါက်လာခဲ့ပါ တယ် ။ ဒါနဲ့ဘဲ လူခေါင်းဖြတ် ယစ်ပူဇော် တဲ့ဓလေ့က ထွန်းကားလာခဲ့ပါတယ်တဲ့ ။ တစ်ရွာ နဲ့ တစ်ရွာ လူကို အလစ်ဖမ်းပြီး သတ်မှတ်အရေအတွက် အတိုင်း ခေါင်းဖြတ်ယစ်ပူဇော်တဲ့ဓလေ့ဖြစ်ခဲ့တယ် ။ တရုပ်တွေက ငါတို့ လူမျိုးကို ပြုတ်အောင် ကြံဖန်တယ်လို့တောင် “၀” တွေကထင်မြင်ပါတယ် ။ တရုပ်တွေက “၀”တွေရဲ့ စစ်ရေး စွမ်းရည်ကိုလျှော့ချဖို့ လုပ်ကြံတယ်လို့ “၀”တွေကထင်မြင်ပါတယ် ။ ပုံပြင်လေးကတော့ ဒါပါဘဲ ။
ပုံပြင်ရဲ့ အပြင်လက် တွေ့မှာတော့ လူခေါင်းဖြတ်ယစ်ပူဇော်တဲ့ဓလေ့ဟာ ဗကပ ရဲဘော် ဘသိန်းတင် ထိန်းချုပ် ခေတ် ရောက်မှ ပျောက်ကွယ်သွား တာဖြစ်ပါတယ် ။ အဲဒီပုံပြင်ဟာ ရှေးရိုး “၀”တိုင်းရင်းသားတွေကြားမှာ မသိသူမရှိပါဘူး။ ဘယ်လောက်ကျယ်ပြန့် နေသလဲဆိုရင် တရုပ်လူမျိုး မုန်းတီးမှု အဆင့်ထိရောက်နေသလိုဖြစ်တော့ နယ်စပ်ဒေသခံ တရုပ်ခေါင်းဆောင်တွေက တားမြစ်တဲ့အထိ ဖြစ်ပါတယ် ။ တကယ် ရှိခဲ့တဲ့ ပုံပြင် ပါးစပ်ရာဇ၀င်ရဲ့ နောက်ခံ အရ လက်တွေ့မှာတော့ ဆန်စပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ဖို့ တကယ့်ခေါင်းဖြတ်ယစ်ပူဇော်မှုတွေရှိခဲ့ပါတယ်ခင်ဗျား ။ ဒီဓလေ့ဟာ အခုအခါ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ပါတယ် ။ ဒီပုံပြင်ကို ဖော်ပြရတာကလည်း တရုပ်မုန်းတီးရေး အခြေခံမပါပါဘူး ။ “၀”လူမျိုးတွေ စွဲမှတ်ခဲ့တဲ့အခြေခံကိုသာမြင်သာခံစားနိုင်ယုံဖော်ပြတာဖြစ်ပြီး “တရုပ်” နဲ့ “၀” မတူဘူး ဆိုတဲ့သဘောတရား - “၀” တိုင်းရင်းသား ကို - တရုပ် - လို့ ထင်မြင်ယူဆရန်သင့်/မသင့် ဆင်ခြင် နိုင်ဖို့ဘဲဖြစ်ပါတယ် ။
အရေးကြီး တစ်ချက်ကို ထောက်ပြရရင် - ယခုအခါမှာ - “၀”ဒေသဟာ “၀”ကိုယ်ပိုင်ထိန်းချုပ်မှုဒေသတစ်ခုဖြစ်နေပါ တယ် ။ တရုပ်စစ်တပ်ကော - မြန်မာစစ်တပ်ပါ လွှမ်းမိုးမှု လုံးဝ မရှိဘဲ လုံးဝ လွတ်လွတ်တည်ရှိ နေတယ်ဆိုတဲ့ အချက်ကို ထောက်ထားပြီး - “၀” တိုင်းရင်းသားတွေသာ တရုပ်နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို ခံယူမယ်ဆိုရင် ဘယ့်ဂလောက် လွယ်ကူလိုက်ပါသလဲ ဆိုတာမြင်နိုင်ရပါမယ် ။ ဒီလိုအခြေအနေမှာ “၀” တိုင်းရင်းသားတွေဟာ တရုပ်ဘက်ကို မယိမ်းဘဲ မြန်မာနိုင်ငံတော် ဘက်ကိုသာ ခြေကန်ရုန်းနေပါတယ်လို့ခံစားလို့မရနိုင်ဘူးလား ။ ဖဆပလ အစိုးရလက်ထက်မှာ တရုပ် နဲ့မြန်မာ နယ်နိမိတ်ခွဲခြားတော့ “၀” နယ် ၆၀% လောက် တရုပ်ဘက်ပါသွားတယ်လို့ “၀”တိုင်းရင်းသားတွေ နှမျှောနေတာ ဘာ့ကြောင့်လည်း သူတို့ ဘယ်လို တွေးတော ခံစားလို့လည်း - ဒီ စိတ်ခံစား ချက်ကို ထဲ့သွင်းစဉ်းစားလိုက်ရင် - - - - ကျနော် ဆက်ပြောဖို့လိုပါ့မလား - - -
လက်ရှိ“၀” တိုင်းရင်းသားတပ်မတော်ဟာ ဗကပ မဟုတ်ဘူး - ဗမာပြည်ကွန်မြူနစ်ပါတီ သြဇာကြီးမား အာဏာဇောင်း ထက်ခဲ့ ဘူးချိန်မှာ “၀”နယ်မြေမှာ ဗကပ တွေ မရှိခဲ့ပါဘူး - တိုင်းရင်းသားတွေဟာ နိုင်ငံရေး ခံယူချက်တွေမရှိခဲ့ပါဘူး ။ ဗမာပြည်ကွန်မြူနစ်ပါတီကို တပ်မတော် က လိုက်လံတိုက်ခိုက်ချေမှုန်းတဲ့အခါ ရဲဘော်ဘသိန်းတင် ဦးစီးတဲ့ အစိတ်အပိုင်းတစ်ခုက “၀”နယ်ထဲကို ရောက်သွားပြီး အခြေချပါတယ် ။ “၀”တိုင်းရင်းသားတွေရဲ့ အားပေးထောက်ခံ မှုကိုမရခဲ့ပါဘူး ။ ဒါပေမဲ့တစ်နေ့မှာ “၀”တိုင်းရင်းသားတွေ အလွန်ဒေါသထွက် နာကျည်းဖွယ်ကိစ္စတစ်ခုကို တပ်မတော် တပ်စိတ်တစ်ခုက ကျူးလွန်မိခဲ့ပါတယ် ။ အဲဒီနေ့ညမှာဘဲ “၀”တိုင်းရင်းသား ၃၀၀ ကျော်က ဗကပ ထဲကို စတင်ဝင်ရောက် ညတွင်းချင်း လက်နက်တွေထုတ်ပေး ညတွင်းချင်း တပ်မတော် တပ်စိတ်ကို ချေမှုန်း လိုက်တာက စလို့ “၀”နယ်ဟာ ဗကပ နယ် လို့ အထင်ကရဖြစ်ပေါ်လာခဲ့တာပါဘဲ ။ “၀” တိုးရင်းသားတွေရဲ့ထောက်ခံမှု နိုင်ငံရေးသဘောတရားဝါဒတူ တရုပ်ကွန်မြူနစ်ပါတီရဲ့ အားပေးကူညီမှုတွေကြောင့် “၀” နယ်ဟာ ဗကပ နယ်အဖြစ် ခိုင်ကျည်လာခဲ့ပါတယ် ။
ဗကပခိုင်ကျည်နေတဲ့ ဒီအခြေအနေကို သာကြုံတွေ့လိုက်ရတဲ့ ဒေသ ထိုးစစ်ဆင်ခဲ့ဘူးသော တပ်မတော်သားတွေ အနေနဲ့လည်း ဗကပ န “၀” တိုင်းရင်းသားကိုတွဲမြင်လိုက်တဲ့အခါ မှားတယ်လို့ မဆိုလိုနိုင်ပါဘူး ။ ဒါပေမဲ့ နောက် ဆုံးအခြေအနေကတော့ ဗကပ ကိုပါ “၀” တိုင်းရင်းသားတွေက တော်လှန်လိုက်ပြီး “၀”မျိုးချစ်စိတ်၊ ဖွံ့ဖြိုးတိုးတက် လိုစိတ်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုစိတ် ၊ မြန်မာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိလိုစိတ် တွေသာ ကိန်းအောင်း နေပါတယ် ဆိုတာမျိုးကို သူတို့ရဲ့အပြုအမူကိုကြည့်ပြီးသိနိုင်ပါလိမ့်မယ် ။
လုပ်ကိုင်စားသောက်မှုပုံစံကို ပြန်ကောက်ရရင် - စိုက်ပျိုးရေး အနေနဲ့ ပြောင်း ၊ စပါး နဲ့ နှမ်းကို အဓိက စိုက်ပျိုးကြပြီး ကြက်၊ ဘဲ၊ ၀က်၊ ကျွဲ၊ နွားတွေကို တစ်နိုင်တစ်ပိုင် အိမ်တိုင်းလိုလိုမွေးမြူမှုဟာ ဒေသတစ်ခုလုံးအတွက် လုံလောက်တဲ့ အနေအထားတော့မဟုတ်ပါဘူး ။ ယက်ကန်းလုပ်ငန်းတွေက အလွန်လှပတဲ့ အ၀တ်အထည်တွေကို ဖော်ထုတ် နိုင်ပါ တယ် ။ ကိုယ်တိုင်ယက်လုပ်တဲ့အ၀တ်အထည်တွေကိုသာ ၀တ်ဆင်ကြတာများပြီး ယခုအချိန်မှာ တရုပ်နဲ့ နီးစပ်ပြီး နိုင်ငံခြားဖြစ်တွေကို ၀တ်ဆင်လာတာရှိပါတယ် ။ နိုင်ငံခြားဖြစ်အ၀တ်အထည်တွေကို ၀တ်ဆင်လာတာဟာ သိပ်တော့ မကြာလှသေးပါဘူး ။ “၀” နယ်ဟာ ဗကပ ဘသိန်းတင် လက်ထက်ရောက်မှသာလျှင် စစ်ယူနီဖောင်းဝတ်တာကနေ စတင်ပြီး နိုင်ငံခြားဖြစ် အထည်အလိပ် ၀တ်ဆင်မှု စတင်လာာပါတယ် ။ ဒါပေမဲ့ ဒီကနေ့အထိတောင် ဒေသဖြစ် တိုင်းရင်းသားဝတ်စုံသာပုံမှန်ဝတ်ဆင်ကြတဲ့ လူဦးရေဟာသုံးပုံနှစ်ပုံလောက်ရှိပါသးတယ် ။ ရော နှောဝတ်ဆင်သူ
တွေထဲမှာလည်း ပုံ မှန် ၀တ်ဆင်တာကတော့ “၀” တိုင်းရင်းသားဝတ်စုံတွေသာဖြစ်ပါတယ် ။ ရိုးရာ ဂျက်ခုတ် အထည် တွေကို အဓိက ၀တ်ဆင်ကြပါတယ် ။
ကျင်လည်ကျက်စားရာဒေသများ - အေဒီ ၇ ရာစုမှာ ထိုင်းတောင်ပိုင်းရှိ ဒွါရ၀တီမြို့တော် လ၀ပူရ ဆိုတာ “လ၀” =“၀”တို့၏ မြို့တော်ဟု သမိုင်းမှတ်တမ်းများရှိပါသည် ။ ( မှတ်ချက် “၀” လူမျိုးတို့က “လ၀” “လွအ်”ဟု ဆိုလျင် မကြိုက်ပါ “၀” ဟုသာ ခံယူပါသည် ။ အဲသလိုသာ ရေတွက်မယ်ဆိုရင် တိုင်းသားလူမျိုး၁၃၅ မျိုးဆိုတဲ့ရေတွက်မှုဟာ ၁၃၃ မျိုးသာဖြစ်ပါလိမ့်မယ် ။ ) ရှမ်းပြည်နယ် ကျိုင်းတုံကို “၀”တို့က ထူထောင်သည်ဟူသော မှတ်တမ်းများ လည်းရှိခဲ့သည် ။ “၀”လူမျိုးတို့ဟာ ရှမ်းပြည်နယ်ထဲမှာ ရှိနေတယ်လို့မသတ်မှတ်ဘဲ “၀”ပြည်ဆိုတာကို သီးသန့် သတ်မှတ်ထားပါတယ် ။ ဒေါက်တာမောင်မောင်ရဲ့ မှတ်တမ်းစာအရ “၀”ပြည်နယ် အဖြစ်သတ်မှတ်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ ရတယ်လို့ ရေးသားခဲ့ဘူးပါတယ် ။ ( ပူးတွဲပါမှတ်တမ်းများရှု ) အတိတ်ကကျင်လည် ကျက်စားခဲ့ရာ ဒေသ တွေ ကို အငြင်းပွါးဖွယ်ဖြစ်လို့ ဒီနေရာမှာမဖော်ပြတော့ပါဘူး ။ လောလောဆယ် ထိန်းချုပ်နယ်မြေတွေကိုဘဲ ဖော်ပြ ရမယ်ဆိုရင် - မိုင်းမော ၊ ပန်ဝိုင်၊ ဟိုပန်၊ နားဖန်း၊ မန်းမန်းဆိုင်၊ ပန်ယမ်း၊ ပန်ဆန်၊း မိုင်းလား၊ မိုင်းပေါက်၊ မိုင်းဖျင် ၊ ဟိုတောင်း ၊ လုံထန် - - - အပါအ၀င် မြို့နယ် ၃၀ ခန့် သော ဒေသတွေမှာ “၀”လူမျိုးတွေနေထိုင်ကြတာဖြစ်တယ်လို့ ပြောဆိုကြပါတယ် ။
အတိတ်က အငြင်းပွါးခဲ့ရမှု - “၀” နယ်ဟာ ဝေးလံခေါင်သီပြီး တောင်ကုန်းမြင့်တွေပေါ်မှာ တည်ရှိနေတာကြောင့် လမ်းပမ်းဆက်သွယ်ရေးလည်းခက်ခဲလှပါတယ် ။ အဆက်အဆံမရှိတဲ့အတွက် အငြင်းပွါးမှုဟာ မရှိခဲ့ပါဘူး ။ အင်္ဂလိပ် လက်အောက်ကျရောက်စဉ်ကာလမှာလည်း “၀” ပြည် “၀” စတိတ် လို့ သတ်မှတ် အုပ်ချုပ်ခဲ့တာရှိခဲ့ပေမဲ့ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်ရေး ရှိခဲ့တဲ့အထောက်အထားတွေ မတွေ့ရပါဘူး ကိုလိုနီလက်ထက်ကတည်းက လွတ်မြောက်နေခဲ့ပြီးသီးခြား ကင်းလွတ်နယ်မြေဖြစ်နေခဲ့ပါတယ် ။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ပင်လုံခေတ်မှာ “၀” ပြည်စုံစမ်းရေး ကော်မရှင် အဖွဲ့ ဆိုတာမျိုးဖွဲ့စည်းစုံစမ်းခဲ့ရတာတွေကို သမိုင်းအထောက်အထားရှိတဲ့အတွက် သီးခြားကင်းလွတ်နေ တာပေါ် လွင်လှပါတယ် ။ ဒေါက်တာမောင်မောင် ရဲ့ မှတ်တမ်းသုံးသပ်ချက်တစ်ခုအရ (((“၀” ပြည်နယ် ဆိုတာ ပေါ်ပေါက်ဖို့ အခွင့်အလမ်းဆုံးရှုံးခဲ့ရပါတော့သည် ))) ဆိုတဲ့စကားဟာ ထူးခြားလေးနက်လှပါတယ် ။ ပထမတစ်ခုသော အငြင်းပွါးမှုလည်းဖြစ် ပါတယ် ။ ဒုတိယအငြင်းပွါးမှုကတော့ ဖဆပလ အစိုးရလက်ထက် တရုပ်မြန်မာ နယ်နိမိတ် သတ်မှတ်ချက်အရ “၀” နယ် ၆၀ % တရုပ်နိုင်ငံထဲပါတယ်လို့ “၀”လူမျိုးတွေခံစားရချက်ပါဘဲ ။ အဲသလို ခံစားရချက် ရဲ့ နောက်ဆက်တွဲ စိတ်ခံစားမှုကို ပေါ်လွင်အောင် ကြည့်ဖို့လိုပါလိမ့်မယ် ။
ကျနော် ဖော်ထုတ်ရရင် - “၀” နယ်ဟာ ရှမ်း နဲ့မတူကြောင်း - ရှမ်းလူမျိုးမဟုတ်ကြောင်းတစ်ချက် ။ တရုပ်မဟုတ် ကြောင်း - တရုပ်နိုင်ငံသား ခံယူဖို့ထက် မြန်မာနိုင်ငံသား “၀” ပြည်နယ်မှ “၀” လူမျိုး ခံယူဖို့သာ ဆန္ဒရှိကြောင်း တစ်ချက် ။ “၀” တိုင်းရင်းသားတို့ရဲ့ အတွင်းစိတ်ကို ကနဦး သုံးသပ်ရပါမယ် ။
ဒါကတော့ - အငြင်းပွါးမှု နှစ်ခုသာရှိပြီး အဲဒီနှစ်ခု ရဲ့ စိတ်ပိုင်းဆိုင်ရာရှုမြင်ချက် - ကိုထောက်ပြတာဖြစ်ပါတယ် ။
တတိယ - တစ်ချက်ကတော့ လက်နက်ကိုင် “၀”တပ်မတော်ကိစ္စဘဲဖြစ်ပါတယ် ။ “၀”တပ်မတော်ဟာ - ဗကပ - ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ကွန်မြူနစ် အတွေးအခေါ် တွေ နိုင်ငံရေးအယူအဆတွေ လက်ခံကျင့်သုံးမှုမရှိပေမဲ့ စစ်ပညာ နဲ့ စစ်တပ်ဖွဲ့စည်းပုံအမွေကိုတော့ ဆက်ခံလိုက်ရပါတယ် ။
“၀” တိုင်းရင်းသား တပ်မတော် အနေနဲ့ ကွန်မြူနစ် တွေလို - အစ္စရေးလို - တစ်နိုင်ငံလုံး ပြည်သူ တစ်နိုင်ငံလုံး စစ်သား လုပ်လို့ အင်အားတောင့်တင်းတဲ့အမျိုးသားတပ်မတော်အဖြစ် လက်နက်ကော လူပါ ခိုင်မာနေပါတယ် ။ ဒီအင်အား ကို ဘေးအန္တရာယ်လို့ရှုမြင်မလား - တိုင်းပြည်ရဲ့ အင်အားလို့ ရှုမြင်မလား ဆိုတာက တော့ အနာဂတ် အတွက် စိန်ခေါ်မှုတစ်ခုဘဲဖြစ်ပါတယ် ။ အဲဒီစိန်ခေါ်မှုကို - ဖြေရှင်းဖို့ကို ယနေ့ကာလအခြေအနေ နဲ့ အနာဂတ် မျှော်လင့်ချက်အခန်းတွေမှာ ဆက်လက်တင်ပြပါ့မယ် ။
ယနေ့ကာလ အခြေအနေ - “၀”လူမျိုးတွေဟာ မိုင်းမောလို့ခေါ်တဲ့ဒေသမှာ ခရိုင်လေးခု ရှိနေပါတယ် ။ ယနေ့အချိန် အထိ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ တွေကို သယ်ဆောင်သွားမယ်ဆိုရင် ခွင့်ပြုချက်မရသေးပါ ဘူး ။ ဒါဟာ ၁၉၇၀ ပြည့်လွန် နှစ်တွေ က ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော် “ဘသိန်းတင်” ဟာ ၀ဒေသမှာ အခြေစိုက်ခဲ့ဘူးခဲ့တဲ့ နိုင်ငံရေးပြဿနာရဲ့ နောက်ဆက်တွဲ အသီးအပွင့်တွေပါဘဲ ။ ရဲဘော် “ဘသိန်းတင်” ရဲ့ ထိန်းချုပ်မှုအောက်ကို “၀”လူမျိုးနွယ်စုတွေဟာ ဟောသလို - ဟောသလောက် ကျရောက်ခဲ့ရဘူး ပါတယ် -
(((ဗကပ မေး - မင်းဘယ်ဘာသာကိုးကွယ်လည်း တိုင်းရင်းသားဖြေ - ဗုဒ္ဒဘာသာပါ ။ ဗကပ မေး - မင်း ငါနဲ့ မင်းတို့ဘုရား ဘယ်ဟာကိုကြောက်သလဲ ။ တိုင်းရင်းသား - ဘုရားကိုကြောက်ပါတယ် ။ ဗကပ သေနတ်ထုတ်ပြ လျှက်ထပ်မေး - မင်းငါနဲ့ မင်းတို့ဘုရား ဘယ်သူ့ကို ကြောက်သလဲ ။ တိုင်းရင်းသား - ဆရာ့ကို ကြောက်ပါတယ် ။ ))) လုံလောက် တဲ့အမေးအဖြေတစ်ခု ဖြစ်ပါတယ် ။
အဲသလို “၀”တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေကို ဗကပ ထိန်းချုပ်ပြီးတဲ့အခါ - မဆလ အစိုးရ နဲ့ တိုက်ပွဲတွေ ဖြစ်ကြပါတယ် ။ ကွန်မြူနစ်တွေကို ဖြတ်လေးဖြတ် ဖြတ်တဲ့ စနစ်ဟာ ဒီကနေ့အချိန်အထိ မရပ်ဆဲသေးပါဘူး ။ လူတွေ ကူးသန်းသွားလာနေပါပေမဲ့ - စားသောက်ကုန်တွေ ကူးသန်းသွားလာတာကိုတော့ ယနေ့အထိဖြတ်သန်းသယ်ဆောင် လို့မရသေးပါဘူး ။ အချို့ “၀” ခေါင်းဆောင်အချို့ပြောတဲ့ဒီစကားလေး ((( လူကမြန်မာနိုင်ငံမှာဝမ်းဗိုက်က တရုပ်မှာ ))) ဆိုတဲ့ ၀မ်းဗိုက်ပြဿနာဟာ - တရုပ်စကားကို မဖြစ်မနေသင်ကြားဖို့ဖြစ်လာပါတယ် ။ ယနေ့ မြန်မာပြည် တွင်းရန်ကုန်လို နေရာမျိုးမှာတောင် တရုပ်စကားပြောတတ်တဲ့လူတွေ တရုပ်စာသင်ကျောင်းတွေ တရုပ်ယဉ်ကျေးမှု တွေ ကူးလူးဆက်ဆံနေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် - “၀မ်းဗိုက်” ကို တရုပ်ပြည်မှာ အပ်နှံထားရပြီး ပန်ဝိုင် ဂိတ် ၊ ပန်ဆန်း(ပန်ခမ်း) မုန်းအ တံတား ဆိုတာလေးတွေကို ခြေတစ်လှမ်းဖြတ်ရုံနဲ့ တရုပ်ပြည်ထဲ ရောက်သွား တဲ့ “၀”ဒေသရှိ ၀တိုင်းရင်းသားတွေဟာ ယနေ့အချိန် အထိ မြန်မာနိုင်ငံ “၀” ပြည်ပါလို့ဘဲပြောနေပါတယ် ။ တရုပ်နိုင်ငံ “၀” ပြည်လို့ တခါမှမပြောသေးပါဘူး ။ ပြောချင်စိတ်ရှိပုံမရပါဘူး ။ အဲသလို တရုပ်နိုင်ငံ က “၀” ပြည်ပါလို့ ပြောလိုက်ရင် တရုပ်က ကြိုက်မကြိုက် ။ ဒါတွေကို ဆင်ခြင်မိသူတွေအနေနဲ့ “၀”တိုင်းရင်းသားတွေရဲ့ အမျိုးချစ်စိတ် မြန်မာ နိုင်ငံကို ခင်တွယ်စိတ်ကို အသိအမှတ်ပြုကြရမှာပါ ။ တရုပ်ပြည်ရဲ့ရွေးကောက်ပွဲတွေ - တရုပ်ပြည်ရဲ့ အုပ်ချုပ်ရေးတွေ နဲ့ လုံးဝ မပတ်သက်ဘဲ “၀” လူမျိုး “၀”ဒေသရယ်လို့ ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တာကိုကြည့်ရင် - တရုပ်ပြည်ရဲ့ အုပ်ချုပ်ရေးအာဏာစက်ကို အံတုဗလ လုပ်ထားရတဲ့ ဒေသခံ ငါတို့ အမျိုးတွေရဲ့ စိတ်ဓါတ်ကို ခံစားနိုင်ပါလိမ့်မယ် ။ ဖြတ်လေးဖြတ် - ဖြတ်တောက်ခံရတာ ယနေ့တိုင် မပြီးပြတ်သေးတဲ့ “၀” ဒေသ ကုန်စည်စီး ဆင်းမှု ၊ ၀မ်းဗိုက် ကို တရုပ်ထံ အပ်နှံရတဲ့အခြေအနေ ၊ တရုပ်ရဲ့ လူဦးရေပေါက်ကွဲမှု ၊ အင်အားကြီးမားမှု တွေ ကို အံတုဗလ လုပ်ရင်း မူလ တိုင်းရင်းသား အထိမ်းအမှတ်လက္ခဏာ (အိုင်ဒန်တီတီ) မပျောက်အောင် ထိန်းသိမ်းရင်း “၀” လူမျိုးဖြစ်ချင်လွန်းနေတာ - မြန်မာနိုင်ငံသားဖြစ်ချင်လွန်းနေတာ - တွေကို ခံစားကြည့်စေချင်ပါတယ် ။ ထပ်ပြောရရင် တရုပ်ကို မှီခိုနေတဲ့ကြားက တရုပ်နိုင်ငံသားဖြစ်ချင်စိတ်မရှိတာကို ခံစားကြည့်စေချင်ပါတယ် ။
“၀” တိုင်းရင်းသား တပ်မတော် အနေနဲ့ ကွန်မြူနစ် တွေလို - အစ္စရေးလို - တစ်နိုင်ငံလုံးပြည်သူ / တစ်နိုင်ငံလုံး စစ်သား လုပ်လို့ အင်အားတောင့်တင်းတဲ့အမျိုးသားတပ်မတော်အဖြစ် လက်နက်ကော လူပါ ခိုင်မာနေပါတယ် ။ ဒီအင်အား ကို ဘေးအန္တရာယ်လို့ရှုမြင်မလား - တိုင်းပြည်ရဲ့ အင်အားလို့ ရှုမြင်မလား ဆိုတာက တော့ အနာဂတ် အတွက် စိန်ခေါ်မှုတစ်ခုဘဲဖြစ်ပါတယ် လို့ တင်ပြခဲ့ပါတယ် - အဲဒီစိန်ခေါ်မှုကို ဖြေရှင်းဖို့ရာမှာ - အထက်က တင်ပြခဲ့တဲ့ (((“၀” နယ်ဟာ ရှမ်း နဲ့မတူကြောင်း - ရှမ်းလူမျိုးမဟုတ်ကြောင်းတစ်ချက် ။ တရုပ်မဟုတ် ကြောင်း - တရုပ်နိုင်ငံသား ခံယူဖို့ထက် မြန်မာနိုင်ငံသား “၀” ပြည်နယ်မှ “၀” လူမျိုး ခံယူဖို့သာ ဆန္ဒရှိကြောင်း တစ်ချက် ။ “၀” တိုင်းရင်းသားတို့ရဲ့ အတွင်းစိတ်ကို ကနဦး ရှုမြင်ရပါမယ် )))
အဲဒီလို မြင်သိခံစားနိုင်ပြီဆိုရင် - နိုင်ငံလုံးချီအဂတိလိုက်စားမှု လျော့ချရေးကိစ္စ - ၀န်ထမ်းတွေရဲ့ စစ်မှန်တဲ့ စီမံခန့်ခွဲမှု ပုံစံ - ကူးလူးဆက်ဆံမှု စတာတွေကို ပြင်ဆင်ပြီးတဲ့အခါ - “၀” လူမျိုးတို့ရဲ့ အင်အားဟာ ပြည်ထောင်စုအင်အား ဖြစ်လာပါလိမ့်မယ် ။ အချိန်ကာလ တစ်ခု က ဖြေရှင်းပေးသွားမှာဖြစ်ပါတယ် ။
အနာဂတ်မျှော်လင့်ချက် - အမေရိကန် ဖွဲ့စည်းပုံ စတင်ရေးဆွဲစဉ်တုံးက ပြည်နယ် ၁၃ ခု ဖြစ်ပါတယ် ။ ဒါပေမဲ့ အခုမှာ ပြည်နယ်တွေတိုးပွါးလာပါတယ် ။ ဒီလိုတိုးပွါးလာပေမဲ့ ဗဟိုအစိုးရရဲ့ အင်အားကလည်းကမ္ဘာအကြီးဆုံး အစိုးရ ပါဘဲ ။ ဒီသာဓကကို ရှုမြင်ပြီး - ဆက်လက်ဖတ်ရှုရပါလိမ့်မယ်
ပူးပေါင်းဆောင်ရွက်လိုသော ကိစ္စများ - (ဆက်လက်ရေးသားရန် စာမျက် နှာ ၁၀ ခန့် )
လူမျိုးစု ခေါင်းဆောင်များ နှင့် ပြည်သူ တို့၏ အခြေအနေ (ဆက်လက်ရေးသားရန် စာမျက် နှာ ၃၀ ခန့်)
“၀”လူမျိုးများသမိုင်းနောက်ဆက်တွဲ - “၀”မျိုးနွယ်များသည်မြန်မာနိုင်ငံသို့အစောဆုံးဝင်ရောက်လာကြသော “မွန်ခမာ” မျိုးနွယ်စုကြီးတွင်ပါဝင်သည့် သမိုင်းအစဉ်အလာကြီးမားသော လူမျိုးများဖြစ်ပါသည် ။ ( ဗိုလ်မှဘရှင် (၁၉၅၉)စာ ၂၆-၄၇။ ဒေါက်တာသန်းထွန်း(၂၀၀၂)စာ ၄၁-၄၄။ ပါမောက္ခဒေါ်တင်ရီ(၁၉၉၉) စာ ၈၈ - ၈၉ )။ “၀”တို့သည် မွန်၊ ပလောင် တို့နှင့်အတူ ဘီစီ ၆၀၀ မတိုင်မီကပင် မြန်မာနိုင်ငံသို့ဝင်ရောက်လာကြပြီး ( Scoot 1924 pg 17) ဘီစီ ၂၀၀ ခန့်မှစ၍ မြန်မာနိုင်ငံ၏ မြန်မာနိုင်ငံ၏အရှေ့တောင်ဒေသနှင့် ထိုင်းနိုင်ငံတောင်ပိုင်း မြောက်ပိုင်းသို့တိုင်အောင် -
ဤ စာသည် ပြည့်စုံသော စာတမ်းမဟုတ်ပါ ။
ဤစာအား “၀” လက်နက်ကိုင် ခေါင်းဆောင်များထံတွင်တင်ပြနေပြီး - ထိုခေါင်းဆောင်များသဘောတူလျင် ကျနော့်အား တစ် ပတ် အချိန်ပေးပြီး ဓါတ်ပုံရိုက်ခွင့် - မှတ်တမ်းယူခွင့်ပေးမည်ဖြစ်သည့် နမူနာစာသာဖြစ်ပါသည် ။ ဖြန့်ချိခြင်းမပြုရန် မေတ္တာရပ်ခံပါသည် -
“၀” ခေါင်းဆောင်များထံတွင် ကတိပေးခဲ့သော စာမူဖြစ်ပါသည်။
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ.. မှ ပေးသော မြန်မာ ဘာသာ ၀ သမိုင်း ကျဉ်းလေးပါ... ကျေးဇူးတင်ပါသည်..
No comments:
Post a Comment